ငပုတော ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီ အချိန်က မြို့နယ်ပမ္မဝတီပြည်သူ့အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားသမားများသည် ခေတ်ကို မျက်ချေမပြတ်စေဘဲ အားကစားသမားစိတ်ဓာတ်ပီပီ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့် စည်းကမ်းပြည့်ဝပြီး အရည်အချင်းရှိသော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေ ရေးတို့ အတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စစ်ကြောင်း မှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားအဓိဌာန်ရွတ်ဆို၍ အလေးပြုကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြိုင်ပွဲဝင် အသင်းများအား လိုက်လံ နှုတ်ဆက်ကာ ဖွင့်ပွဲပထမပွဲစဉ်အဖြစ် ဝက်ဆူလက်ရွေးစင်ဘောလုံး အသင်းနှင့် ကျုံကူးတိုက်နယ် လက်ရွေးစင်တို့မှ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)