အိမ်မဲမြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိ‌စေရေး အသိပညာပေး ဟောပြောပွဲကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အမက မြို့မ (၁)ကျောင်းတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာန ပူးပေါင်း၍ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီ ၃၀မိနစ်တွင် ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်က အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ ဥပဒေစည်းကမ်းနှင့်အညီ ဆောင်ရွက်သည့် မီးဖိုချောင်ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်းထွက်အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်နှင့် သာမာန်အမှိုက်အမျိုးအစား စသည့် အမှိုက်အမျိုးအစား (၇) မျိုးအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်ရေး၊ ကျောင်းသားကျောင်းသူများအနေနှင့် မိမိနေအိမ်မှစတင်၍ မိမိပတ်ဝန်းကျင်၊ ကျောင်းများတွင် အမှိုက်ကို စနစ်တကျခွဲခြားစွန့်ပစ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရေး ပညာပေးဆွေးနွေးခဲ့သည်။

အိမ်မဲမြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲများ ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)