ဒေးဒရဲ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာမှူး ဦးကျော်မင်းခိုင်က စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိရေးနှင့် စည်းကမ်းစနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေး ဟောပြောခြင်းနှင့် ဦးစီးအရာရှိ ဒေါ်သက်သက်ကြူတို့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ် လာစေရေး၊ အမှိုက်နှင့် အညစ်အကြေး အမျိုးအစားများကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အမှိုက်ကင်းစင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းနှင့် ဆုရရှိသူများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း