ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်

ကန့်ဘလူ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံစား သောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့ နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ရောင်းချ​ပေးရာတွင် ပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ဆန် တစ်ပြည်၊ ဆီ ၁၀ ကျပ်သားနှင့် ကြက်ဥ သုံးလုံး စသည့် ပစ္စည်းသုံးမျိုးတို့ကို ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးပြီး ကျန်းမာရေးဆေးပေးခန်း ဖွင့်လှစ်၍ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)