ရွှေကျင် ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အခြေခံပညာမူလတန်း(လွန်) (ရှမ်းကြေး)ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်အဓိပ္ပါယ်၊ ပင်လုံစာချုပ်အကြောင်းနှင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးကြသူများတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေရန် သုတ၊ ရသစာအုပ်စာစောင်များ၊ ပြည်ထောင်စုနေ့အကြောင်း၊ မူးယစ်ဆေးဝါးအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်များအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)