သဲကုန်းမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

သဲကုန်း ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  မူလတန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက  ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အစဉ်သတိရနေစေရန်၊ စိတ်ကူးဉာဏ်ရင့်သန်လာစေရန်၊ စာပေကို ချစ်မြတ်နိုးစိတ်တိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။ ပန်းချီပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများအား အမှတ်ပေးဒိုင်ဆရာမ ဒေါ်ဥမ္မာစိုးက ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပပြီး ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသူများအား ဆုများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား မေတ္တာလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အ.မ.ကတည်သီးပင်၊ အ.မ.က ရွာထောင်ကုန်း၊ အ.မ.ကပေါက်တော၊ အ.မ.ကညောင်ကုန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပန်းချီပြိုင်ပွဲအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်လှလှရွှေနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်မိဘဆရာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)