ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ယခင်နှစ်များထက် ကျော်လွန်စွာ နေကြာစိုက်ပျိုးမှု (၈၀၀၀)ကျော် လျာထားစိုက်ပျိုး

ဖြူး ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် နေကြာ ဧက(၈၀၀၀)ကျော် စိုက်ပျိုးနိုင်ရေးလျာထားကြောင်းနှင့်  ပင်ကြားတန်းကြား စိုက်ပျိုးနည်း၊ သီးသန့်စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးနေကြောင်းသိရသည်။

ဖြူးမြို့နယ်အတွင်း ယခုနှစ်တွင် ကျေးရွာအုပ်စု(၄၈)အုပ်စု၌ ဆောင်းနေကြာစိုက်ပျိုးထားမှုမှာ မိုးစပါးစိုက်ပျိုးအပြီး ဆောင်းသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းပဲများနှင့် ရော၍ပင်ကြားတန်းကြား စိုက်ပျိုးမှု (၇၇၁၃)ဧက၊ သီးသန့်စိုက်ပျိုးမှု(၄၀၈)ဧက စိုက်ပျိုး ထားခဲ့ရာ ယခင်နှစ်များထက် စိုက်ပျိုးမှုပိုကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးမှုထက် မတ်ပဲ၊ ပဲတီစိမ်းပဲနှင့် ပင်ကြားတန်းကြား စိုက်ပျိုးမှုပိုမိုစိုက်ပျိုးကြပြီး သီးသန့်စိုက်ပျိုးရာမှာ တစ်ဧက တင်း(၄၀)ခန့်ထွက်ရှိပြီး ဆီ(၁၀)ပုံး ရရှိသည့်အတွက် (၁၅)သိန်းဝင်ငွေရကြောင်း၊ မတ်ပဲ၊ ပဲတီစိမ်းပဲနှင့် ပင်ကြားတန်းကြား စိုက်ပျိုး ရာတွင်ပဲ၊နေကြာ နှစ်မျိုးရခြင်းကြောင့် ဝင်ငွေနှစ်မျိုးရကြောင်း သိရသည်။ ယခင်နှစ် ဆောင်းနေကြာ စိုက်ခဲ့ရာမှာ ရာသီဥတုကြောင့် မျိုးစေ့ကြဲပြီး မိုးရွာမှုကြောင့် မျိုးစေ့အကုန်မပေါက်ခြင်း၊ အပင်ကြီးထွားမှုနည်းခြင်း၊ အထွက်နှုန်းနည်းခြင်းတွေ ကြုံခဲ့ရပြီး ယခုနှစ်မှာ အထွက်နှုန်းကောင်းနိုင်ကြောင်းနှင့် နေကြာစိုက်တောင်သူများအနေဖြင့် နေကြာဆီကြိတ်ပြီး အိမ်အတွက် စားတန်စား၊ ဆီထွက်သီးနှံများထဲတွင် မြေပဲ၊ နှမ်းဆီများထက် နေကြာဆီမှာ ဈေးအနိမ့်ဆုံးဖြစ်သော်လည်း လဲစားတာလည်းရှိကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။

ဒေသအတွင်းဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်လျက်ရှိရာ နေကြာစိုက်ပျိုးမှု အထွက်နှုန်းတိုးရေး ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ဆွေကပြောကြားရာမှာ  "အဓိကမျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးဖို့လိုပါတယ် အဲ့ဒီလို မျိုးကောင်း မျိုးသန့် စိုက်ပျိုးရာမှာ တစ်ဧက အထွက်နှုန်းကောင်းတဲ့ ဆင်းရွှေကြာ၊ ရေဆင်း-၁ စပ်မျိုးနေကြာပျိုးတွေ ရွေးချယ်စိုက်ပျိူးရပါတယ်။ စိုက်ပျိုးတဲ့အခါမှာ အစိုဓါတ်ကိုမှီအောင် ထွန်ရေးနက်နက်နဲ့ ညက်ညက်စိုက်ပျိုး ရပါမယ်၊ တစ်ပေခွဲ ကိုးလက်မ တန်းကြား ပင်ကြား စိုက်ပျိုးကြပါတယ်။ အတန်းလိုက်စနစ်နဲ့ စိုက်ပျိုးတဲ့အခါမှာ လေဝင်လေထွက်ကောင်းမွန်ပြီးတော့ ပိုးမွှား ရောဂါတွေလဲ ကင်းရှင်းစေပါတယ်။ အဆင့်ဆင့်ပေါ့ ဒီလိုပဲ နေကြာစိုက်တောင်သူတွေကို စိုက်ပျိုး နည်းပညာများပေးခြင်း၊ မျိုးစေ့ထောက်ပံ့ခြင်းတွေ ဆောင်ရွက်ပေးပါတယ်” ဟုပြောသည်။

နေ​ကြာဆီထွက်သီးနှံမှာ အခြားဆီထွက် သီးနှံများထက် ဝင်ငွေရရှိမှုနည်းသော်လည်း ပြုပြင်ရလွယ်ကူခြင်း ဆောင်းပဲသီးနှံများနှင့်တွဲ၍စိုက်ပျိုးနိုင်ခြင်း စသည့်အားသာချက်များရှိပြီး ဖြူးမြို့အတွင်း နေကြာ စိုက်ပျိုးခင်းများမှာ ရိတ်သိမ်းချိန်ကာလကို နီးလာပြီဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)