အောင်လံ ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန့်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြိုနယ်မီးသတ်ဦးစီးဌာန သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးဖိုးများကို အိမ်ပေါ်တွင်ထားရှိသုံးစွဲခြင်း မပြုရန်နှင့် (၃)ပေပတ်လည်၊ (၂)ပေ အနက် မီးကျင်းတူး၍ ချက်ပြုတ် သုံးစွဲရန်၊ မိမိတို့အိမ်တွင် အသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ထားကြရန်နှင့် လူစောင့်မရှိပါက လျှပ်စစ်မီးခလုတ်များ ပိတ်ထားကြရန်၊ မီးသွေး/ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ ငြိမ်းသတ်ထားရှိရန်၊ မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံကြရန် စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းနှင့် မိုးကောင်းကျေးရွာအတွင်းသို့ လှည့်လည်အသိပေး နှိုးဆောင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)