ကံမ ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယနေ့နံနက် ၉ နာရီက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသူရအောင်က တက္ကသိုလ်ဝင်စာမေးပွဲနှင့် စပ်လျဉ်း၍ လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားပြီးနောက် အ.ထ.က (ကံမ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်နှင့် အ.ထ.က(ကြို့ပင်)ကျောင်းအုပ်ဆရာမကြီး ဒေါ်မြစန္ဒာတို့က တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်း ချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသင်တန်းအား (၂)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ဆရာ၊ ဆရာမ (၄၂၃)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)