ကျွန်းလှမြို့နယ်၌ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေး

ကျွန်းလှ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 “ယူရီးယားဓာတ်မြေဩဇာများကို ကျွန်းလှမြို့နယ်အတွင်း နွေစပါးနဲ့နေကြာစိုက်ပျိုးထုတ်လုပ်တဲ့ အကျိုးဆောင်တောင်သူများကို ဦးစားပေးရောင်းချပေးပြီး ပဲအမျိုးမျိုးနဲ့ဆီထွက်သီးနှံစိုက် တောင်သူတွေကိုလည်း ဆက်လက်ရောင်းချပေးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

 အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများကဓာတ်မြေဩဇာ အချိုးကျသုံးစွဲရေး၊ ပိုးမွှားပင်းစင်ရေး၊ ကွင်းသရုပ်ပြပွဲများနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် လက်ရှိအချိန်အထိ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုးဆောင်သီးနှံနှင့် အခြားသီးနှံစုစုပေါင်း ၆၁၅၅၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)