အောင်လံ ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမာလာခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသိန်းက လူငယ်တိုင်း ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်း ကျင်းပခြင်းဖြစ်ကာ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေပြီး အချင်းချင်းဆွေးနွေးညှိနှိုင်းတတ်ခြင်း၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များထက်မြက်လာစေခြင်း၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်လာစေ ခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေခြင်း စသည့် ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသိန်းက Moderator အဖြစ် ဆောင်ရွက်ကာ Grade-10 နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူ (၄)ဦးမှ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်ခေါင်းဆောင်မှုကဏ္ဍ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး စသည့် ခေါင်းစဉ်အသီးသီးဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “ဗဟုတုသကြွယ်ဝဖို့ စာကြည့်တိုက်ကို သွားကြစို့” နံရံကပ်စာစောင်နှင့် သုတ၊ ရသ ကဏ္ဍစုံ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲအား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်သူ ဦးရေ(၄၀၀) ရှိကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)