ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၈

လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံ စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒုမြို့နယ်ပညာရေးမှူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူးဦးဝင်းနိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား/သူလူငယ်လူရွယ်များ ဉာဏ်ပညာဗဟုသုတ ပိုမိုတိုးပွားစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများ ရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ မိမိဘဝဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာရန်နှင့်  လူငယ်အချင်းချင်းရင်းနှီး ချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်း က ကြားခံဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ ဇင်ပြွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade-10 မှ မောင်နေဇင်လတ်က လူငယ်နှင့်ပညာရေး၊ မောင်မျိုးမြင့်အောင် က လူငယ်နှင့်ကျန်းမာရေး၊ မမေမြတ်မွန်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ခန့်မော်ဦးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မပိုးဖြူသဲက လူငယ်နှင့်နည်းပညာ၊ မသရဖီကလူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

မယု(ငဖဲ)