ကံမ ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်၊ မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယမန့်နေ့ နေ့လယ်(၁) နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ (၂၁၉)ဦး တက်ရောက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးမိုးခိုင်က အားကစားစိတ်ဓါတ်မြင့်မားရေး ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းက စားသုံးရန်မသင့်သည့် အစားအစာများနှင့် စားသုံးသူအခွင့်အရေးအကြောင်းတို့အား အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)