ကလေး ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ကလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော နို့တိုတ်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးရာတွင် အသက်(၂)လအရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို(ပထမ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)(ပထမ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)(ပထမ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ကိုလည်းကောင်း၊ အသက်(၄)လအရွယ် ကလေးငယ်များကို ပိုလီယို(ဒုတိယ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)(ဒုတိယ)၊ ပိုလီယိုထိုးဆေး၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (ဒုတိယ)ကို လည်းကောင်း၊ အသက်(၆)လအရွယ် ကလေးငယ်များကို ပိုလီယို(တတိယ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) (တတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (တတိယ)ကိုလည်းကောင်း၊ အသက်(၉)လအရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ပထမ)၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် အသက်(၁)နှစ်ခွဲ ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) (စတုတ္ထ) စသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)