ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)၌ ဒေသခံတောင်သူများ ဆီထွက်သီးနှံနေကြာ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေဆင်း(၁)စပ်မျိုးနေကြာသီးနှံဧက ၅၀ စိုက်ပျိုး ဆောင်ရွက်ထားရှိ

ပွင့်ဖြူ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)မှ ဒေသတွင်းရှိ တောင်သူများ ဆီထွက်သီးနှံ နေကြာအား စိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် မျိုးကောင်းမျိုးသန့် နေကြာသီးနှံ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မျိုးသန့်ခြံစိုက်ပျိုးမြေ၌ ရေဆင်း(၁) ပ်မျိုးနေကြာသီးနှံဧက ၅၀ စိုက်ပျိုးဆောင်ရွက် ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) တာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေနဲ့ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ တောင်သူတွေ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့် နေကြာသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီးတော့ မျိုးသန့်ခြံ စိုက်ပျိုးလယ်မြေတွင် ရေဆင်း(၁) ပ်မျိုး နေကြာကို ဧက ၅၀ စိုက်ပျိုး ဆောင်ရွက်ထားပါတယ်။ ယခု စိုက်ပျိုးဆောင်ရွက်ထားရှိတဲ့ နေကြာသီးနှံစိုက်ခင်းမှထွက်ရှိတဲ့ သီးနှံများကို စနစ်တကျ ရိတ်သိမ်းခြွေလှေ့ပြီးတော့ မျိုးသန့်စင်ခြင်းလုပ်ငန်း အဆင့် ဆင့်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ မျိုးသန့်မျိုးစေ့အဖြစ် ရရှိလာတဲ့ နေကြာသီးနှံမျိုးစေ့များကို တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးလိုတဲ့ တောင်သူဦးကြီးတွေကို ဖြန့်ဖြူးရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မျိုးသန့်ခြံက နှစ်စဉ်လည်း တိုင်းဒေသကြီးအတွင်းရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူဦးကြီးတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ ပြည်သူတွေ စားနပ်ရိက္ခာ ဖူလုံ စေဖို့အတွက် ရည်ရွယ်ပြီး မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဧရာမင်း စပါးမျိုးကွဲလေးမျိုးနဲ့ ရေဆင်း(၆)နဲ့ ရေဆင်း(၁၂)ကုလားပဲ မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးထုတ်လုပ်ပြီးတော့ တောင်သူတွေကို ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါတယ်။ ယခုလို ဆောင်ရွက်ပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ တောင်သူတွေ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်ပြီး ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် တစ်နှစ်ထက်တစ်နှစ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွေ တိုးတက်လာစေဖို့နဲ့ နိုင်ငံတော်အတွက် စားနပ်ရိက္ခာဖူလုံရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ်ကပြောသည်။

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေဖြင့် နှစ်စဉ် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ စပါး၊ ကုလားပဲသီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)စိုက်ပျိုးလယ်မြေတွင် စပါးမျိုးကောင်း မျိုးသန့်နှင့် ကုလားပဲမျိုးကောင်းမျိုးသန့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်၍ ဒေသခံတောင်သူများထံ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် ဆောင်းသီးနှံတွင် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် တောင်သူများ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေမည့် မျိုးကောင်းမျိုးသန့် နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရေဆင်း(၁)ပ်မျိုးနေကြာသီးနှံဧက ၅၀ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် အောင်မြင်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရကာ ယခုအခါ နေကြာသီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )