မင်းဘူး ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦးပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ လူထုပရိတ် သတ်ရှေ့၌ ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ အားကစားဘက်တွင်လည်း ထူးချွန်၍ နိုင်ငံ့လက်ရွေးစင် ကစားသမားကောင်းလေးများအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အိမ်ယာအခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ယမန်နေ့ နံနက် ၁၀ နာရီက လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်စကားဝိုင်းတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ပြည့်ဝသည့် ကျောင်းသား လူငယ်များဖြစ်လာစေရန် ကျောင်းစာများအပြင် ပြင်ပ၊ စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာကြစေလိုကြောင်း နှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားကာ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ Grade-10 မှ ကျောင်းသား၊ ကျောင်းသူလေးများဖြစ်သော မနန္ဒာက လူငယ်နှင့်အနာဂတ်၊ မောင်တေဇာအောင်က လူငယ်နှင့်အားကစား၊ မသဒ္ဒါကြည်ဖြူက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စောန္ဒာရွှေက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်အသိ ပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)