တောင်ငူ ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ သျှမ်းလူငယ်အသင်း (တောင်ငူခရိုင်)မှ ဦးဆောင်၍ (၇၆)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခပေါင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ သျှမ်းအမျိုးသားနေ့ သီချင်းကိုသီဆိုကြပြီး သဘာပတိ ဦးပန်းစိန်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက အမှာစကားပြောကြားပြီး သျှမ်းလူငယ်အသင်း(တောင်ငူခရိုင်)မှ အသင်းသားစိုင်းမြတ်နိုးသူက ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ ပေးပို့သော (၇၆)နှစ်မြောက် သျှမ်းအမျိုးသားနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ သျှမ်းလူငယ်အသင်း(တောင်ငူခရိုင်)ဥက္ကဋ္ဌ စိုင်းအောင်အောင်က သျှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်ငူခရိုင် ရှမ်းလူငယ်မောင်မယ်များက သျှမ်းယဉ်ကျေးမှု အကများဖြင့် သီဆိုဖျော်ဖြေကြပြီး (၇၆)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)