မော်လိုက် ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ကျပန်းစကား ပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)အချိန်က အ.ထ.က စုံညီခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အတွင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲမစမီ အကဲဖြတ်ဒိုင်ချုပ် ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်မာမာအေးက အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ပထမပိုင်းအနေဖြင့် ခရိုင်အဆင့် ပြိုင်ပွဲဝင် ဆရာ/ဆရာမများက “ညီညွှတ်မှုစွမ်းအား ပင်လုံ သက်သေထား”၊ “ပြည်ထောင်စုကြီး အဒွန့်ရှည်ဖို့ လက်တွဲဆောင်ရွက်ကြစို့”၊ “သွေးချင်းညီအကိုများ စည်းလုံးခြင်းသည် အင်အား”၊ “ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို အထူးအလေးထားသော ကျန်းစစ်သား”၊ “ ဒုတိယမြန်မာ နိုင်ငံတော်ကြီး အား အကြီးမားဆုံး အင်ပါယာအဖြစ် တည်ထောင်ခဲ့သော ဘုရင့်နောင်”စသည့်ခေါင်းစဉ်များကို မဲလိပ်နိုက်ကြပြီး ကျရာခေါင်းစဉ်ဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဒုတိယပိုင်း အစီအစဉ်အဖြစ် ခရိုင်အဆင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများကလည်း“စည်းလုံးခြင်းသည် အင်အား”၊ “ပြည်ထောင်စု အမွေတွေ ထိန်းသိမ်းစို့လေ”၊ “နွားကွဲလျှင် ကြားဆွဲမည်”၊ “ဘယ်သူခွဲခွဲ ဒို့မကွဲ” ခေါင်းစဉ်များကို အသီးသီး မဲနိုက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)