တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)အား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မကြာမီသတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရသင့်ရထိုက်သည့်အခွန်ငွေများနှင့်လျှပ်စစ်ဓာတ်အားခကြွေးကျန်များ အပြည့်အဝကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီဖြစ်၍ သတ်မှတ်ဧရိယာအလိုက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ကြရန်နှင့် ကြဲပတ်စိုက်ပျိုးသည့်စနစ်မှ အစေ့ချစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများရရှိရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခြားနည်းခွင့်ပြုပေးထားသည့် မြေနေရာများတွင် သတ်မှတ်စည်းကမ်းကာလအတိုင်း လုပ်ငန်းဆောင်ရွက်ခြင်းမရှိပါက မူလစိုက်ပျိုးမြေအဖြစ် ပြန်လည်သတ်မှတ်ကာ သီးနှံများစိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ MSMEs ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့တိုင်းသန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် ယခုကတည်းက ပျိုးပင်များကြိုတင်ပျိုးထောင်ထားရှိရန်လိုအပ်ကြောင်း၊ မဲစာရင်းအချက်အလက်များမှန်ကန်စေရေးနှင့် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးကောက်ယူခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပွင့်လင်းရာသီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ကြရန်နှင့် ရုံးလုပ်ငန်းအားလုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အကျဉ်းချုပ်ကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တည်ဆောက်ရေးလုပ်ငန်းများ၊ အခွန်အကောက်ရငွေနှင့်သာမန်ရုံးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)