ဘိုကလေး ဖေဖော်ဝါရီ ၈
လူငယ်များအတွက် ဘက်စုံကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် လူငယ်အချင်းချင်း အသိပညာ၊ ဗဟုသုတ နှီးနှောဖလှယ်နိုင် စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာရှိ၊ ကညင်ချောင်း အ.ထ.က(ခွဲ)ကျောင်း တွင် ယမန်နေ့ နံနက်(၁၁)နာရီ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
အဆိုပါ လူငယ်စကားဝိုင်းအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ရာ စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များပြောကြား ပြီး လူငယ်များ အနေနှင့် စာများများ ဖတ်ရန်လိုအပ်ကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များ အနေဖြင့် စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်ပြည့်ဝနေပါမှ နိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင်မည့်သူများ ဖြစ်လာမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် အတူ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာကျော်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးနှင့် ကျောင်းသားလူငယ်များမှ “လူငယ်နှင့်စာပေ”၊ “လူငယ်နှင့် အားကစား”၊ “ဘေးအန္တရာယ် ကင်းရှင်း သော စားသောက်မှုဆိုင်ရာများ” ခေါင်းစဉ်များဖြင့် အပြန်အလှန် အကျယ်တဝင့် ဆွေးနွေးကြပြီး စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသားလူငယ်များမှ သိလိုများကို ပါဝင်မေးမြန်း ဆွေးနွေးကြကြောင်းနှင့် မေးမြန်းမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင် ဆွေးနွေးကြသူများမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ လူငယ် အချင်းချင်း တတ်သိပညာများ နှီးနှောဖလှယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများ၊ လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ လူငယ်စကားဝိုင်းများ မကြာခဏ ကျင်းပဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)