ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂါတ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေမာအောင် နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသောအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်၍ ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာ၌ ရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေ စာရင်းဇယားများကို စနစ်တကျ မှတ်တမ်းပြုစု ထိန်းသိမ်းဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ ဂါတ်ကုန်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းအသင်းဝင်များထံမှ စတုတ္ထအကြိမ် ထုတ်ချေးပေးထားသည့် စီမံကိန်းရန်ပုံငွေများကို ပြန်လည်ကောက်ခံရယူပြီး ပဉ္စမအကြိမ် မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၄ ဦးကို ငွေကျပ် ၂၀ ဒသမ ၅၅ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၃၃ ဦးကို ငွေကျပ် ၁၉ ဒသမ ၉၅ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ  ၄  ဦးကို ငွေကျပ် သုည ဒသမ ၆  သန်း၊ စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၂၁၁ ဦးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၁ ဒသမ ၁ သန်းကို အသင်းသားများလက်ဝယ်အရောက် နေ့ချင်းပြီး စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )