ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်အတွက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရန်၊ စနစ်တကျလုပ်ကိုင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင် တန်းဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရာတွင် ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ကာ အရင်းမပျောက် လည်ပတ်မတည် ရန်ပုံငွေများ မတည်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ယခုနှစ်တွင် ကျေးရွာပေါင်း ၃၆ ရွာအထိ တိုးချဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းမှာ ကျေးရွာများအလိုက် စီမံကိန်းဝင်အသင်းသား၊ အသင်းသူများကို စီမံကိန်းရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာ၌ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရန်၊ စနစ်တကျ စီမံခန့်ခွဲပြီး ဆောင်ရွက်လုပ်ကိုင်တတ်စေရန်နှင့် ရန်ပုံငွေလေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ငွေစာရင်းဇယားများဖြင့် မှတ်တမ်းထိန်းသိမ်းထားရှိပြီး စနစ်တကျဆောင်ရွက်လုပ်ကိုင်တတ်သည့် အလေ့အကျင့်များရရှိ စေရန်အတွက် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကော်မတီဝင်များအနေဖြင့် ပို့ချသင်ကြားပေးမည့်သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက သင်တန်းကို ဖွင့်လှစ်ကာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း၏ ရည်ရွယ်ချက်အပါအဝင် စီမံကိန်းတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ လမ်းညွှန်ချက်များ၊ ငွေစာရင်းပုံစံ(၁၁)မျိုး ဖြည့်သွင်းနည်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာနည်းစနစ်များကို စာတွေ့ လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်ကျေးရွာများအနက် ကျေးရွာ (၅)ရွာမှ  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင် ၂၅ ဦး တက်ရောက်ခဲ့ကြောင်းသိရပြီး ယင်းသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )