ထီးချိုင့်မြို့နယ် Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂိမ်းပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ထီးချိုင့် ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနCommunity Centre ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂိမ်းပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ယခုလိုပြိုင်ပွဲများ ကျင်းပရခြင်းကြောင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တုရင်ပြိုင်ပွဲကို ကျောင်းသား/သူလေးများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သောနေ့ထူးနေ့မြတ်၊ ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုင်းရင်းသား ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့သောနေ့ကို ပြည်ထောင်စုနေ့ဟုသတ်မှတ်ခဲ့သည့် အကြောင်းအရာများစွာ ပါဝင်သော နံရံကပ်စာစောင်ကိုပြသရာ ကျောင်းသား/သူလေးများက စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရပါသည်။

ရဲလင်းထွန်း (ထီးချိုင့်)