ကသာမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

ကသာ ဖေဖော်ဝါရီ  ၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် တန်ဖိုးမြှင့် စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားတွင်  မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာဖြင့် သင်တန်းတက်ရောက်လာကြသည်ကို တွေ့ရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ သင်တန်းကာလ ပြီးဆုံးသွားပါက မိမိ၏ မိသားစုအတွက်သော်လည်းကောင်း၊ မိဘဆွေမျိုး သားသမီးများအတွက် အိမ်တွင်းမှု တစ်ပိုင်တစ်နိုင်စီးပွားရေးအတွက် နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအနေဖြင့်လည်း တက်ရောက်သူများအတွက် အဆင်ပြေသည့်အပြင် သင်တန်းကုန်ကျ စရိတ်ကိုလည်း တိုင်းဒေသကြီးအစိုးရမှ ကျခံပေးသည့်အတွက် သင်တန်းသားများအနေဖြင့် သေသေချာချာ ကြိုးစားသင်ယူသွားကြရန် လိုအပ်ပါကြောင်းနှင့် ကုန်ထုတ်စွမ်းအားတိုးမြင့်အောင် ကြိုးစား ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းပြောကြားသည်။  ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးမင်းမော်ကွန်းက သင်တန်းတွင်သင်ကြားပို့ချ ပေးမည့်ဘာသာရပ်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက သင်တန်းတွင် လက်တွေ့ပြသ သင်ကြားပေးနေမှုအား စိတ်ဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၇)ရက်မှ (၁၃)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)