တောင်သာ ဖေဖော်ဝါရီလ ၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ဖေဖော်ဝါရီလ (၇) ရက် နေ့ နံနက် (၁၀) နာရီအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေ ဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့လူမှုရေး စာအုပ်မှ လူငယ်နှင့် အာရုံအခန်းအား ဖတ်ကြားဆွေးနွေး ရာတွင် အသက်ရှိတဲ့ သတ္တ၀ါတိုင်းဟာ အာရုံတစ်ခုခုပေါ်မှာ တည်မှီနေကြရပါတယ်။ အာရုံ တစ်ခုခုကို အမြဲတမ်းဆုပ်ကိုင်ထားပြီးတော့ နေထိုင်ကြရပါတယ်။ အာရုံနဲ့ ကင်းကွာပြီးတော့ မနေခဲ့ကြပါဘူး။ လောကီအာရုံ ၅ ပါးရှိရာ အဆင်းအပေါ် တပ်မက်ကြတယ်၊ အသံပေါ်တပ်မက် ကြတယ်၊ အနံ့ပေါ်တပ်မက်ကြတယ်၊ အရသာပေါ် တပ်မက်ကြတယ်၊ အထိအတွေ့ပေါ်တပ်မက် ကြတယ်။ကောင်းတဲ့အာရုံအဖြစ် လှတာလေးတွေ မြင်ရတော့ လှတဲ့အာရုံအပေါ် တပ်မက် စွဲလမ်းပြီး စိတ်ကိုလွှတ်ချပြစ်လိုက်ပြီးတော့ အဲဒီအာရုံနောက်ကို တစ်စိုက်မတ်မတ် လိုက်ခဲ့ကြ ပါတယ်။ မရရအောင် ယူမယ်လို့ ဆုံးဖြတ်ချက်ချပြီးတော့ လိုချင်တဲ့အာရုံရဲ့ မာယာကျော့ကွင်းအောက် နစ်မြုတ်သွားခဲ့ရင် ကောင်း မကောင်းဆိုတာ သိပ်ပြီးတော့ တွေးတော မနေတော့ပဲ လုပ်ဖြစ်လိုက်တတ်ကြတယ်။ ဒီတော့ မဖြစ်သင့်တာတွေလည်း တန်းစီပြီးတော့ ဖြစ်လာခဲ့ တော့တယ်။ အာရုံ ၅ ပါးရဲ့ လှည့်ဖြားမှု၊ သွေးဆောင်မှုတွေကြောင့် တစ်နေ့တစ်မျိုး မရိုး နိုင်အောင် သိမ်းသွင်းခံနေရပါတယ်။ တဒဂ်သာယာမှုအတွက် အညွန့်တစ်လူလူတက်နေမဲ့ လူငယ်တွေရဲ့ စိတ်တွေကို စိတ်လိုက်မာန်ပါ ထိုးမကျွေးလိုက်ပါနဲ့။ လူငယ်တွေရဲ့အားတွေဟာ ကမ္ဘာကြီးအတွက် များစွာလိုအပ်ပါတယ်။ လိုအပ်နေတဲ့ ကမ္ဘာကြီးကို ကမ်းလှမ်းဖို့၊ ဖာထေးဖို့၊ ပြုပြင်ဖို့၊ ထိန်းသိမ်းဖို့အတွက် ကောင်းမွန်တဲ့အာရုံတွေကို အမှီပြုပြီးတော့ လှပတဲ့လူသားအဖြစ် ဖန်တီးနိုင်ကြဖို့၊ ပုံဖော်နိုင်ကြဖို့ လိုပါကြောင်း စသည်ဖြင့် တက်ရောက်လာသူများက အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)