ပြင်ဦးလွင် ဖေဖော်ဝါရီ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မဲခေါင် - လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအထောက်အပံ့ဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေအစီအစဉ်ဖြင့် မြန်မာမက္ကဒေးမီးယားပြပွဲ (Myanmar Macadamia Fair) ကို ယနေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ မြန်မာ (MLC-NUC-Myanmar) ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး ညွှန်ကြားရေးမှူး မစ္စတာလီချီကွေ့မှ နှုတ်ခွန်းဆက်စကားပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းဦးက မြန်မာနိုင်ငံ၏ မက္ကဒေးမီးယားစိုက်ပျိုးထုတ် လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအားတင်ပြခဲ့ပြီး တာဝန်ရှိသူများက တောင်သူများလက်ဝယ်အရောက် ပံ့ပိုးပစ္စည်းများအား ပေးအပ်ခဲ့သည်။
ယနေ့ကျင်းပသော မြန်မာမက္ကဒေးမီးယားပြပွဲ (Myanmar Macadamia Fair) တွင် မက္ကဒေးမီးယားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ စာတမ်းဖတ်ကြားခြင်း အစီအစဉ်များလည်းထည့်သွင်းထားပြီး မြန်မာမက္ကဒေးမီးယားစိုက်ပျိုးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၏ ပြခန်းများ၊ မက္ကဒေးမီးယားထုတ်ကုန်ပြခန်းများ၊ မက္ကဒေးမီးယား အခြောက်ခံစက်ပြခန်းများ စုံလင်စွာခင်းကျင်းပြသရောင်းချလျက်ရှိပြီး မြန်မာမက္ကဒေးမီးယား ပြပွဲသို့ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တောင်သူများ၊ ပြင်ဦးလွင်မှ မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ စိတ်ဝင်စားသူပြည်သူများ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် မက္ကဒေးမီးယားစိုက်ပျိုးနိုင်သည့် ဒေသရာသီဥတုနှင့်ကိုက်ညီသော မြေယာများစွာရှိသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မက္ကဒေးမီးယားစိုက်ပျိုးမှုများကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင်လည်း ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများအသုံးမပြုဘဲ Organic စနစ်ဖြင့်စိုက်ပျိုးပါက ကမ္ဘာ့ဈေးကွက်အထိ မြန်မာမက္ကဒေးမီးယားသည် ယှဉ်ပြိုင် ထိုးဖောက်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ်