ရန်ကုန် ဖေဖော်ဝါရီ ၇
ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်ဆိုရိုးစကားနှင်အညီ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကိုယ်ကာယကျန်းမာအောင် နေထိုင်နည်းများ၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် လေ့လာသင့်သည့် စာပေများ၊ ကိုယ်ကျင့်တရားကောင်းမွန်အောင် နေထိုင်နည်းများ၊ မိတ်ဆွေသူငယ်ချင်းကောင်းများ ပေါင်းဖော်နည်းများနှင့် ဘဝအောင်မြင်ကြီးပွားရေး ဆိုင်ရာများကို ဟောပြောခဲ့ပါသည်။
ထို့နောက် လူငယ်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှု အန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလူငယ်များက စိတ်ပါဝင်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)