(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံ-ကြာအင်းလမ်း ကတ္တရာ ကွန်ကရစ်လမ်းဖွင့်လှစ်

ဘားအံ ဖေဖော်ဝါရီ ၇

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်လမ်းဦးစီးဌာန၏ ၂၀၂၂- ၂၀၂၃ ခု ဘဏ္ဍာနှစ်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံ-ကြာအင်း ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က Zwekapin Valley Resort ရှေ့ရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လမ်းပန်းဆက်သွယ်ရေးအဆင်ပြေ ချောမွေ့လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများ၊ ခရီးသွားလုပ်ငန်းများ ပိုမိုမြန်ဆန်ကောင်းမွန်လာကာ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း၊ ပြည်နယ်၏အခြေခံအဆောက်အဦဖြစ်သော လမ်း၊တံတားများကို တိုးတက်ပြုပြင် အဆင့်မြှင့်တင်နိုင်လာသည်နှင့်အမျှ ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ များ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည်လည်း ကျွဲကူးရေပါ သကဲ့သို့ မြင့်မားတိုးတက်လာပြီး စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ်ဝင်ရောက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)က ကတ္တရာ ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဘားအံ-ကြာအင်းကတ္တရာကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးကြကာ လမ်းဖွင့်ပွဲတွင် ကူညီအားဖြည့်ပေးပါသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

ယနေ့ဖွင့်လှစ်သည့် ဘားအံ-ကြာအင်းကတ္တရာကွန်ကရစ်လမ်းသည် ဘားအံမြို့ ကြာအင်းမီးပွိုင့် လမ်းဆုံမှ တော်ပုံကျေးရွာထိ ၈ ဒဿမ ၆၅ ကီလိုမီတာရှည်လျားပြီး ယခင် ၁၂ ပေအကျယ် ကတ္တရာ လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၄ ကီလိုမီတာ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၄ ဒဿမ ၁ ကီလိုမီတာအား ၁၈ ပေအကျယ်ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ အဆိုပါလမ်း ဝဲ/ယာတစ်လျှောက်တွင် ဟိုတယ်ဇုံအဖြစ် ဟိုတယ်များ၊ အပန်းဖြေဥယျာဉ်များ၊ Resort များ အသီးသီးတည်ရှိနေရာ ဘားအံမြို့တွင်းမှ တော်ပုံကျေးရွာ ဇွဲကပင်တောင်ခြေဘက် သို့သွားလာရာတွင်လည်းကောင်း၊ ဇွဲကပင်တောင်ဘက်ခြမ်းမှ ဘားအံမြို့တွင်းသို့သွားလာရာတွင် လည်းကောင်း အချိန်တိုလျင်မြန်စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)