ကလိန်အောင် ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကာ ကလိန်အောင်မြို့တွင် ခရမ်းသီးအပင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုနေ့စဉ်ခူးဆွတ်ရောင်းချရသောကြောင့် ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ခရမ်းပင်သည် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် ငါးပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ်ရေသွင်းပေးပြီး အပင်ငယ်ချိန်တွင်မြေဆွပေး၍ တစ်လတစ်ခါ အပင်ခြေများတွင် အာမိုနဲ့ပုလဲမြေဩဇာ သင့်တင့်ရုံကျွေးပေးရပြီး လိုအပ်တဲ့အခါ အပင်အားတိုးဆေးနဲ့ ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း ခူးဆွတ်ရောင်းတဲ့အခါ ရက်ခြားခူးပြီးရောင်း၍ရသလို နေ့စဉ်ခူးဆွတ်၍လည်း ရောင်းချလို့ရကြောင်း ရောင်းဈေးအနေဖြင့် တစ်စီးလျှင် ငွေကျပ် ၃၀၀ မှ ၄ဝ၀ ကျပ်အထိရောင်းချရပြီး ကလိန်အောင်မြို့နှင့် အနီးတစ်ဝိုက်ဈေးရောင်းသူများကာ ဖောက်သည်လာယူကာရောင်းချရသဖြင့် မိသားစုဝင်ငွေတိုးကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် ၅၀၀ စိုက်ပျိုးထားသည့် ဦးဟန်စိန်က ပြောပြသည်။
ခရမ်းစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ “စိုက်ပျိုးတဲ့အခါမှာ အပင်အသေအပျောက်မရှိအောင်လို့ ခရမ်းမျိုးစေ့တွေကို အရင်ပျိုးထောင်ပြီးမှ သန်မာတဲ့အပင်ရွေးပြီး စိုက်ပျိုးတာပါ” ကျွန်တော်စိုက်ထားတဲ့ခရမ်းမျိုးကတော့ ခရမ်းအပြာ၊ ခရမ်းအဝါ ဖြစ်ပါတယ်။ ပျိုးသက် တစ်လသားအရွယ်မှာ မြေပြင်ထားတဲ့အခင်းထဲကို ပြောင်းရွှေ့စိုက်ပျိုးပါတယ်" ယခု နွေရာသီတွင် ခရမ်းပင်စိုက်သူများသည် ခရမ်းသီးများထွက်နှုန်းများပြီး ရောင်းအားလည်းကောင်းသောကြောင့် မိသားစုနေ့စဉ်ပုံမှန်ရရှိကြောင်း ခရမ်းစိုက်တောင်းသူ ဦးဟန်စိန်က ပြောပြသည်။
ခင်ခင်လဲ့