တံတားဦး ဖေဖော်ဝါရီ ၇
တံတားဦးခရိုင် တံတားဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးနှာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီက တံတားဦးမြို့ စကားအင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် စကားအင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝေက အမှာစကား ပြောကြားပြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်နှင့် စာရိတ္တအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တံတားဦးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ငယ်သူထွန်းက လူငယ်နှင့်အားကစားအကြောင်း ပြောကြားရာတွင် နိုင်ငံ၏ ယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစု ပျိုးထောင်ပေးရန် ရည်ရွယ်ပါကြောင်းနှင့် လူငယ်ရေးရာအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တံတားဦးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ စကားအင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အတွက် အားကစားပစ္စည်းများဖြစ်သော ဘောလုံး(၁)လုံး၊ ဘော်လီဘော (၃)လုံးနှင့် ပိုက်ကျော်ခြင်းလုံး(၂)လုံးတို့ကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝေက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ဦးရဲတင့်( ပြန်/ဆက်)