ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက၊ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ဖြန့်ဝေပေးခဲ့ပြီး၊ ပြည်ထောင်စုနေ့အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများသို့ သွားရောက်ဖြန့်ဝေပေးကြပြီး၊ မြို့နယ်ဦးစီးအရာရှိက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အသိပညာပေးဟောပြော၍ အမှတ်(၁)အ.ထ.ကတွင် စောင်ရေ(၂၀၀)၊ အမှတ်(၂)အ.ထ.ကတွင်စောင်ရေ(၂၀၀)၊ လေးရွာ အ.ထ.က တွင် စောင်ရေ(၂၀၀)နှင့် မြို့ရှေ့ အ.ထ.ကတွင် စောင်ရေ(၁၅၀) တို့ကို ကျောင်းသား ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ခေါင်းစဉ်ဖြင့်ရေးသားထားသည့် ဥယျောဇဉ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၂.၂.၂၀၂၂)ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင်ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဖိုးလေးလုံးသောင်းကိုကို ၏ စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့… ခေါင်းစဉ်ပါ ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၆၄ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်များနှင့် ကာတွန်းများပါဝင်ကြောင်းသိရပြီး၊ ကျောင်းသားလူငယ်များအတွက် ဖတ်မှတ်လေ့လာသင့်သည့် လက်ကမ်းစာစောင်ငယ်တစ်ခုဖြစ်ကြောင်း သိရသည်။
နေအောင်