မော်လမြိုင် ဖေဖော်ဝါရီ ၇
မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများရှေ့မှောက်တွင်ပြောရဲ၊ ဆိုရဲသည့်သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်းမှ ကျောင်းအုပ်ကြီးဒေါ်နီနီဝင်းမှ လူငယ်နှင့်စာပေစကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်၍ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)ကျောင်းမှ အထက်တန်းပြဆရာမဒေါ်ညွှန့်မေက ဦးဆောင်ဖြည့်စွက်ဆွေးနွေးပြီး အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) Grade-10/Grade-11 ကျောင်းသား/သူလေးများဖြစ်ကြသော မစုမြတ်ထွေးက လူငယ်နှင့်ကျန်းမာရေး၊ မဝင်းသဇင်ကျော်က လူငယ်နှင့်ကိုယ်ကျင့် တရား၊ မောင်နွေမာန်ဦးက လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်စည်သူမင်းပိုင်က လူငယ်နှင့်မျိုးချစ်စိတ်စသည့် ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား/သူလေးများကမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများကလည်း ပြန်လည်ဖြေကြား၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လက်ကမ်းစာစောင်းများဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)