လားရှိုးမြို့၌ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၇

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီပရိဝုဏ် အတွင်းရှိ ဆင်းရွှေလီကဇာတ်ရုံ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား ပထမပိုင်းအစီအစဉ်အရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင် နိုင်နိုင်ဦးက ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံမှ ပေးပို့သော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြားပေးခဲ့သည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းဆုနှင့် ဗဟို/ပြည်နယ်အဆင့် ကျောင်းသားအားကစား ပွဲတော်များတွင် ဆုရရှိသူများအား တိုင်းမှူးနှင့် ဒုတိယတိုင်းမှူးတို့ကလည်းကောင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သူများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌကလည်းကောင်း၊ တပ်မတော်နှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့်  ပြည်သူ့စစ်အဖွဲ့များအား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) အတွင်းရေးမှူး  ရဲမှူးကြီးအောင်မြင့်နိုင်ကလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ (၄၄) ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ (India)တွင် ဆုရရှိသူ(၁)ဦး၊ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ၂၀၂၂ ခုနှစ် လူထုအခြေပြုဗဟိုဌာန Community Centre များမှ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပထဆုရရှိခဲ့သော ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နိုင်ငံတော်အဆင့်ကျင်းပသော လှပသာယာပြည်မြန်မာရောင်စုံ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူ(၁)ဦး၊ ၂၀၂၂ ခုနှစ် ပြည်နယ်အဆင့် (အတီးပြိုင်ပွဲ)တွင် ဆုရရှိသူ(၁) ဦးနှင့် FAO မှချီးမြှင့်သော ၂၀၂၂ခုနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးမှုထူးချွန်ဆုရရှိသူ(၁)ဦးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများကလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ရှမ်းတိုင်းရင်းသား၊ မြောင်ဇီးတိုင်းရင်းသား၊ လီဆူတိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် တိုင်းရင်းသားယဉ်ကျေးမှုပြခန်းနှင့် အစားအစာပြခန်းများအား အ​ရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  ခင်းကျင်းပြသထားသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် စတုဒိသာကျွေးမွေးဧည့်ခံနေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်