ကျိုင်းတုံ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အခမ်းအနား တက်ရောက်လာကြသူများက အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင် က ဖတ်ကြားသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံမှ ပေးပို့သော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင် က ဖတ်ကြားသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ အာဆီယံနိုင်ငံတက္ကသိုလ်များနှင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသည့်နည်းပြနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ကျိုင်းတုံမြို့ အကျိုးဆောင်များ၊ စီမံထူးချွန်တံဆိပ် (ပထမအဆင့်) ရရှိသူနှင့် လူမှုရေးအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)