(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောနှင့် စကားရည်လုပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၇

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲအခမ်းအနားတွင်ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏မျိုးဆက်သစ်လူငယ်ကျောင်းသူကျောင်းသားများအား ပညာရေးတွင်သာမက ကျန်းမာကြံ့ခိုင်သောမျိုးဆက်သစ်လူငယ်များဖြစ်လာစေရန် ကျောင်းတွင်းအားကစားပြိုင်ပွဲများကိုလည်း ပညာသင်နှစ်အလိုက် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့်ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲမှာ ကျောင်းသား လူငယ်များကို စကားပြောစွမ်းရည် ပိုမိုတိုးတက်ကောင်းမွန်စေရန်၊ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန် စသည်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ကြိုးစားနိုင်ကြပါစေကြောင်း စသည်ဖြင့်ထည့်သွင်း ပြောကြားသည်။ ဆက်လက်ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ တင်မိမိနိုင်က ပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ၈ ဦးနှင့် စကားရည်လုပြိုင်ပွဲတွင် ၁၆ ဦး စုစုပေါင်း ပြိုင်ပွဲဝင်ကျောင်းသူကျောင်းသား ၂၄ ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါ ​မောက္ခချုပ် ဒေါက်တာခင်နှင်းအိ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်၊ ဆရာဆရာမများနှင့် ကျောင်း သူ၊ကျောင်းသားများက ကြည့်ရှုအားပေးကြသည်။ ထိုနောက်ပြိုင်ပွဲတွင် ဆုရရှိကြသောပြိုင်ပွဲဝင် ကျောင်းသူ၊ကျောင်းသားများ ထံသို့ ဂုဏ်ပြုဆုများကို ပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့်တာဝန်ရှိသူများ က ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ချမ်းသာ