လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

လိပ်သို ဖေဖော်ဝါရီ ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက် အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ အလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်၊ ကလေးသူငယ်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ ကလေးအလုပ်သမားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အထွေထွေထိခိုက် ဆုံးရှုံးမှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ အသက်အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊ တည်ဆဲဥပဒေနှင့်အညီ ကလေးသူငယ်များရရှိခံစားရမည့်အခွင့်အရေးများ၊ အကာကွယ်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအခမ်းအနားတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးသူငယ်အလုပ်သမားသည်တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌန်းချက်များ၊ သိမှတ်ဖွယ်ရာများတို့ကို ရုံးရှေ့နံရံကပ်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကလေးသူငယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်