တိုက်ကြီးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

တိုက်ကြီး ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ဘဏ္ဍာရေးနှစ် အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် တိုက်ကြီးမြို့နယ် အင်္ဂလားရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား (၁၅) ဦးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေ ဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်အား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးခရိုင်အတွင်းရှိ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နှင့် အဖျောက်မြို့တို့တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၂၄၁ ဦးအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လစဉ်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)