ကျောက်တံတားမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ကျောက်တံတား ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် Book Club အသင်းအဖွဲ့များပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေး ပြည့်မီရေးနှင့် လူငယ်များ ဗလငါးတန်ဖွံဖြိုးစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျောက်တံတား အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊  လေ့လာဖတ်ရှုသင့်သည့် စာပေများ၊ စာရိတ္တကောင်းမွန်အောင် နေထိုင်နည်းများ၊  များအား လည်းကောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စန်းမှလူငယ်နှင့် ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အသင်း ဥက္ကဋ္ဌ စာရေး ဆရာမကြီး ညွန့်ညွန့်(ကလော)က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် လူငယ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရန် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာများ နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလူငယ်များက စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)