ရမည်းသင်းမြို့၊ သိမ်ကုန်းကျေးရွာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ရမည်းသင်း ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၂)နာရီ (၃၀)မိနစ်အချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရမည်းသင်းမြို့၊ သိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးသက်လွင်ဦးက အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားတိုင်း မမေ့အပ်တဲ့နေ့ထူးနေမြတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင်၊ အခြေခံပညာအထက်တန်းကျောင်း(သိမ်ကုန်း) ဆရာ၊ ဆရာမများနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ကြပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကိုပြသရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်