ကျောက်တံတား အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ကျောက်တံတား ဖေဖော်ဝါရီ ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကျောင်းသား လူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့၊ နံနက် ၁၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တံတား မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြကြည်က ကျောင်းသား ၊ကျောင်းသူများ ကျောင်းစာကို သာမကပြင်ပ စာပေဗဟုသုတများနှင့်ဘာသာရပ်ပေါင်းစုံ၊ ရသပေါင်းစုံ စာအုပ်များကို ဖတ်ရှု၊ လေ့လာ၊ မှတ်သားကြရန်၊ စာဖတ်ခြင်းဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး အသိပညာဗဟုသုတများစွာ ရရှိစေနိုင်ရန်  စသည်ဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား   မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်၊ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်ပြသခြင်းနှင့်  သုတ၊ ရသစာအုပ်၊ စာစောင်များအား ငှာရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ ဆက်)