ပေါက်တော ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃) မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာကိုကိုအောင်က ဆင်ခြေထောက်ရောဂါသည် ရုတ်တရက်သေစေနိုင်သော ရောဂါမဟုတ်သော်လည်း ခြေလက်အင်္ဂါ ဥပဓိရုပ်ပျက်ယွင်းခြင်းကြောင့် လူမှုရေးနှင့် စီးပွားရေးတွင် ထိခိုက်နစ်နာဆုံးရှုံးမှုရှိနိုင်သော ရောဂါတစ်ခု ဖြစ်ကြောင်း၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး ရည်မှန်းချက်အရ ၂၀၀၁-ခုနှစ်မှစတင်ပြီး လူအားလုံးဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကြောင့် ယခုအချိန်တွင် လူဦးရေ(၁၀၀၀)လျှင် ဆင်ခြေထောက်ရောဂါပိုးရှိသူ တစ်ဦးနှုန်းအောက်ကျဆင်းသွားသည့် ခရိုင် (၃၀)ကို ဆင်ခြေထောက်ကင်းဝေးရေးဒေသအဖြစ် သတ်မှတ်နိုင်ပြီဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် ဆေးသုံးမျိုးပေါင်းတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မိခင်ကလေးအမျိုးသမီးရေးရာအဖွဲ့များ၊ ကြက်ခြေနီအသင်းနှင့် စေတနာ့ဝန်ထမ်းများက အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ကျွေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၅)ဦး တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများမှ ဆင်ခြေထောက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)