အ.ထ.က(ခွဲ)ကဘင်းချောင်း‌ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျွန်းစု ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(ခွဲ)ကဘင်းချောင်းကျောင်း၌ ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာများတိုးတက်လာစေရန်၊ စာပေအပေါ်လေးစားတန်ဖိုးထားတတ်စေရန်၊ စာပေအသိမှ ပရိသတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦးယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်တိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဝေမျိုးနိုင်က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲကို လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား ခေါင်းစဉ်တို့ဖြင့် မြို့နယ် ပြန်/ဆက် ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်၊ Grade-11 မှ မောင်ချစ်ရင်ထူး၊ Grade-10 မှ မအင်ကြင်းပွင့်၊ မအိမ့်မှူးသဇင်၊ မချစ်သက်ထွေးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် ပြန်/ဆက် ဦးစီးဌာန၊ ဝန်ထမ်းများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်