ကျောက်တော် (Community Centre) ခန်းမ၌ လူငယ်နှင့်စာပေအသိပညာပေး (Talk Show) ပြုလုပ်

ကျောက်တော် ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်စာပေအသိပညာပေး (Talk Show)ကို ယမန်နေ့မွန်းလွဲ(၂) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းနှင့် စာကြည့်တိုက်လက်ထောက် -၃ ဒေါ်အေးကျော့လှိုင်တို့က “စာပေမှာ သုတစာပေနဲ့ရသစာပေဆိုပြီး နှစ်မျိုးနှစ်စားရှိပါကြောင်း၊ သုတစာပေဆိုတာက လူတွေကို ဗဟုသုတတွေပေးစွမ်းနိုင်တဲ့စာပေဖြစ်ပြီး ရသစာပေဆိုတာကတော့ လူတွေရဲ့စိတ်ခံစားချက်ကို အသားပေးရေးသားထားတဲ့ စာပေအမျိုးအစားတွေပဲဖြစ်ပါကြောင်း၊ သုတစာပေတွေဟာ အသိပညာ၊ အသိညဏ်တိုးပွားစေပြီးအတွေးတွေကို ရင့်ကျက်စေကြောင်း၊ သုတစာပေတွေက စာဖတ်သူတွေရဲ့အတွေးကို ရင့်ကျက်အောင်ကူညီပေးနိုင်စွမ်းရှိသလို ရသစာပေတွေဟာလဲ စာဖတ်သူတွေရဲ့စိတ်ခံစားမှုပိုင်းတွေ ရင့်ကျက်လာအောင်ဖန်တီးနိုင်စွမ်းရှိကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်စကားပုံအတိုင်း လူငယ်များအနေနှင့်အသိညဏ်တွေ၊ ဗဟုသုတစိတ်ခွန်အားတွေကိုပေးစွမ်းနိုင်တဲ့ စာအုပ်စာပေတွေကို ရွေးချယ်ဖတ်ရှုသင့်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးကြကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တော်မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း