ဟင်္သာတမြို့နယ်၊ လူမှုအကျိုးပြု ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဟင်္သာတ ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် လူမှုအကျိုးပြု ကြီးကြပ်မှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လည် ၁ နာရီက သုံးပင်ကွင်းရပ်၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ဘုရင့်နောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမွန်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးမြင့်သိန်းမှ အမှာစကားပြောကြားကာ၊ ဟင်္သာတခရိုင် ပညာရေးမှူးရုံး လ/ထ ညွှန်ကြားရေးမှူး ဦးသက်ဆွေမှ လူငယ်အသိပညာပေး ဗဟုသုတဆိုင်ရာများ ဟောပြောခြင်း၊ ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာမှ အနာဂါတ်လူငယ်နှင့် မူးယစ်ဆေးဆိုင်ရာများ ဟောပြောဆွေးနွေးခြင်း၊ ဟင်္သာတတက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခာ ဒေါက်တာနွဲ့နွဲ့ရီမှ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ စာရေးဆရာအသင်းဝင် စာရေးဆရာမ မအိမှ လူငယ်နှင့် ကိုယ်ကျင့်တရားအကြောင်း အသိပညာပေးဟောပြောခြင်း၊ စာရေးဆရာ ပန်းမြိုင်လယ် စိန်းဝင်းမှ  မူးယစ်ဆေးဝါး အကြောင်းသိကောင်းစရာများ ဆောင်ရန်၊ ရှောင်ရန်များကို  အသိပညာပေးဟောပြော ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ အ-ထ-က(၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမွန်နှင့် ဆရာမများ၊ စာရေးဆရာအသင်းဝင်များ ကျောင်းသား/သူများ၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်ဆက် (ဟင်္သာတ)