မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယမန်နေ့နံနက် ၁၀ နာရီက  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်လျက်ရှိရာ “စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်တစ်ရပ် ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာဖူလုံရေးသာမက လယ်ယာထုတ်ကုန်များဖြင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေးအတွက် မူဝါဒများ တိတိကျကျ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးချဲ့မြို့ပြစီမံ ကိန်းများ ဆောက်လုပ်ရန်အတွက် မြေပြန့်နေရာများနှင့် စိုက်ပျိုးမြေများအား ခွင့်မပြုရေး မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်သွားရန် ဝန်ထမ်းအိမ်ယာများ၊ စီးပွားရေးအထူဇုန်များ၊ စက်မှုဇုန်များကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်းစောင့်ရှာက်ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရေး ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ညွှန်ကြားထားရှိပြီးဖြစ်သဖြင့် ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီဖြစ်စေရေးအတွက် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးတို့ကိုရှေ့ရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့်ဌာန၊ အဖွဲ့အစည်းအားလုံးနှင့်ချိပ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း  ပြောကြားခဲ့သည်။

အဆိုပါ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၃)အစည်းအဝေးတွင် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက် ထားသည့် အမှုတွဲ(၄၀)၊ (၂၄-၁၂-၂၀၁၄)ရက်နေ့မှ  (၃၁-၃-၂၀၂၂)ရက်နေ့အထိ ကာလအတွင်း လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားသည့် အမှုတွဲများအနက် ကာလကြာမြင့်လျက်ရှိသည့် အမှုတွဲ(၁၇၃)တွဲအား လက်ကျန်စာရင်းမှ ပယ်ဖျက်နိုင်ရေးနှင့် သက်ဆိုင်ရာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသို့ ပြန်လည်ပေးပို့ နိုင်ရေးနှင့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများမှ မြေအတွက် လျော်ကြေးနှင့် သီးနှံအတွက် နစ်နာကြေးပေးလျော်ရန်တင်ပြသည့် အမှုတွဲ (၂)တွဲတို့နှင့် ပတ်သက်၍ သဘောထားမှတ်ချက် ပေးနိုင်ရန် ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့် ဌာနအဖွဲ့အစည်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ