ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ထိုင်းနိုင်ငံမှ ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် ပြည်သူများအား ကြိုဆို

စစ်တွေ ဖေဖော်ဝါရီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုး ကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာ နိုင်ငံသား (၆၇၉)ဦး တို့အနက် ရခိုင်ပြည်နယ်မှ နေရပ်ပြန် မြန်မာနိုင်ငံသား (၁၁၁)ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ် (အနော်ရထာ)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးတို့ သည် စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းသို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာလာရောက်ကြိုဆိုကြသည်။

ထိုသို့ ရခိုင်ပြည်နယ်မှ နေရပ်ပြန်မြန်မာနိုင်ငံသားအား စစ်တွေမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြပြီး နံနက်စာများဖြန့်ဝေပေးကြသည်။

ထို့နောက် ရေတပ်ခန်းမတွင် ရခိုင်ပြည်နယ်မှ နေရပ်ပြန်မြန်မာနိုင်ငံသားများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ဦးထိန်လင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ကြသည်။

စစ်ရေယာဉ်(အနော်ရထာ)ဖြင့် တင်ဆောင်လာသည့် ရခိုင်ပြည်နယ်မှ နေရပ်ပြန်မြန်မာနိုင်ငံသား (၁၁၁)ဦးအနက် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ အမ်း၊ မာန်အောင်၊ တောင်ကုတ်နှင့် သံတွဲဒေသများမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၃၁) ဦးသည် ကျောက်ဖြူမြို့နယ်တွင် ဆင်းသက်ခဲ့ပြီး ယနေ့တွင် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့မှ လူဦး(၈၀) ဦးအား စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)