မြောက်ဦး ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကရုဏာလှိုင်းသွေးလှူရှင်များအသင်းတို့ပူးပေါင်း၍ ငလျင်ဘေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ပြင်ဈေးရပ်ကွက် အ.ထ.က.(ခွဲ) အ.လ.က (၁) ကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် စာသင်ခန်းအတွင်း ဆရာ၊ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူတို့ ပညာသင်ကြားနေစဉ် ငလျင်အန္တရာယ် အချက်ပေးသံကြားသည်နှင့် စာသင်ခန်းအတွင်း ကျောင်းသား၊ကျောင်းသူများမှ ဝပ်/ကာ/ကိုင် အနေထားဖြင့်နေကြပြီး အတန်းပိုင် ဆရာမများကဦးဆောင်၍ ကျောင်းသား/ကျောင်းသူများ မိမိတို့ကျောင်းလွယ်အိတ်များကို ခေါင်းပေါ်တွင် အကာအကွယ်ပုံစံတင်၍ သတ်မှတ်လမ်းကြောင်းအတိုင်းထွက်၍ ဘေးကင်းရာစုရပ်သို့ ရောက်ရှိချိန် အတန်းပိုင်ဆရာမများက အတန်းအလိုက် အားလုံးလူစစ်ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ အတန်းပိုင်ဆရာမများမှ သတင်းပို့ရာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား(၃) ဦးပျောက်နေကြောင်း သိရှိသောကြောင့် ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့ မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားမှုအား သဏ္ဍာန်တူ ဇာတ် တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်၊၊
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ ပျောက် ဆုံးနေသူ (၃) ဦးကို ရှာဖွယ်ကယ်ဆယ်ခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းသား(၃) ဦးကို စု ရပ်အနီးသတ်မှတ်နေရာသို့ သယ်ဆောင်နည်းဖြင့် သယ်ယူခဲ့ပြီး ရှေးဦးပြုစုခြင်း၊ ခေါင်းထိခိုက်မိ၍ အရေးပေါ်ကုသရန်လိုအပ်သည့်ကျောင်းသားအား ကရုဏာလှိုင်းသွေးလှူရှင်များ အသင်းအရေးပေါ်ကားလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခြင်း၊ စုရပ်မှကျောင်းသား/ကျောင်းသူများအား မိဘများ ထံပြန်လည်အပ်နှံခြင်း ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးအောင်ဝင်းမှ ငလျင်ဘေးဖြစ်ပေါ်လာလျှင် ကျောင်းသား/ကျောင်းသူများ ပြုလုပ်ရမည့်အချက်များကို ပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့မှူးမှလည်း ကျောင်းတွင်းရှိ ရှေးဦး သူနာ ပြုစုအဖွဲ့များကို လတ်တလော အနာတရထိခိုက် ဒဏ်ရာရရှိသော ကျောင်းသား/ကျောင်းသူများကို ရှေးဦးသူနာ ပြုစုနည်းအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦစီးအရာရှိ ဦးစန်နီက ငလျင်ဘေးသည်ဘယ်အချိန်ကျရောက်မည်ကို ကြိုတင်တွက်ဆ၍ မရသောကြောင့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် ငလျင်ဘေးဖြစ်ပေါ်လာလျှင် ပြုလုပ်ရမည့်အချက်များ၊ ငလျင်ဘေးမှ လွတ်မြောက်ရန်အတွက် ဘေးလွတ်ရာသို့ရောက်ရှိနိုင်ရန် လုပ်ဆောင်ရမည့်အချက်များကို ပြောကြားခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီးမှလည်း အခုလိုကျောင်းသား/ကျောင်းသူများ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ခန်းများကို သိရှိနားလည်၍ ဆောင်ရန်/ရှောင်ရန် လိုက်နာရမည့်အချက်ကို သရုပ်ပြလေ့ကျင့်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးရဲမှူး အောင်ဝင်း ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးလှဝင်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစန်နီနှင့်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အ.ထ.က.(ခွဲ) အ.လ.က(၁)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများတို့က ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူး အောင်ဝင်းနှင့် တာဝန်ရှိသူများမှ ကျောင်းသား/ကျောင်းသူများကို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)