ကြံခင်းမြို့နယ် ဘက်ရဲမြို့မဈေးအတွင်း သန့်ရှင်းသာယာရေးနှင့် မီးဘေးလုံခြုံရေးစစ်ဆေး

ကြံခင်း ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   မြို့အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ဘက်ရဲမြို့မဈေးအတွင်း  သန့်ရှင်းသာယာရေးနှင့်  မီးဘေးလုံခြုံရေးကို ယနေ့နံနက်(၉)နာရီအချိန်က  စစ်ဆေးဆောင်ရွက်ကြသည်။

ထိုသို့စစ်ဆေးရာတွင် ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဘက်ရဲမြို့လျှပ်စစ်ရုံး၊ မီးသတ်တပ်ဖွဲ့ နှင့်တာဝန်ရှိသူများက  ဘက်ရဲမြို့မဈေးအတွင်းသန့်ရှင်းသာယာရေးအတွက် အမှိုက်ပုံးများတွင် စနစ်တကျ အမှိုက်စွန့်ပစ်ရေး၊ ဈေးဆိုင်ခန်းများတွင် မလိုအပ်သောပစ္စည်းများ ရှင်းလင်းထားရန်နှင့်  သိုလှောင်ထားသောပစ္စည်းများ စနစ်တကျထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးလောင်လွယ်သောပစ္စည်းများ စနစ်တကျသိမ်းဆည်းရန်၊ လျှပ်စစ်မီးသုံးစွဲသော  ဆိုင်ခန်းများတွင် လျှပ်စစ်ဝါယာလျှော့မဖြစ်စေရေး၊  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားသော  မီးသတ်ရေကန်၊  သဲအိတ်၊ မီးချိတ်၊ မီးကပ်နှင့် မီးသတ်ဆေးဗူးများအား လွယ်ကူသောနေရာများတွင် ထားရှိရန်အား ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)