ငပလီ ဖေဖော်ဝါရီ ၆
ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ငပလီမြို့ အ-ထ-က(ခွဲ)လင်းသာအခြေခံပညာအထက်တန်းကျောင်း ထွန်းတောက်ကြယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငပလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဇေယျာမြင့်ထွန်းက ကျောင်းသား၊ ကျောင်းသူလေးများအား လူငယ်စကားဝိုင်းကျင်းပရခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက်တန်းပြဆရာမ ဒေါ်စန်းစန်းဋ္ဌေးက ဦးဆောင်၍ “ပညာဘဏ်တိုက်စာကြည့်တိုက်” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ အ-ထ-က(ခွဲ)လင်းသာကျောင်း ၊ Grade-11 ကျောင်းသား မောင်သူရိန်အောင်က ပညာဘဏ်တိုက် စာကြည့်တိုက် ခေါင်းစဉ်အောက်မှ စာကြည့်တိုက်အမျိုးအစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဘုန်းမြတ်မောင်က စာကြည့်တိုက်စာအုပ်များထားသိုမှုစနစ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဟိန်းထူးဇေက စာဖတ်ခြင်း၏အကျိုးကျေးဇူး ၊ Grade-10 ကျောင်းသား မောင်အောင်ကျော်ဇောက လူငယ်နှင့်စာပေ ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးမှုများအပေါ် Grade-10 ကျောင်းသား မောင်ပြည့်စုံဟိန်းက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ် အပြန်အလှန်ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသဆောင်ရွက်ထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကျောင်းသား ကျောင်းသူလေးများက လေ့လာဖတ်ရှုခဲ့ကြသည်။
လူငယ်များအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများရရှိစေရန်၊ အနာဂတ်ရဲ့သားကောင်းရတနာလေးများဖြစ်သည့် လူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက်ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)