အိမ်မဲ ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ် စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်များနာထောင်ပြီး အသိပညာ ဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးဖလှယ်တတ်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၁၁ နာရီတွင် အလက(ခွဲ) ကမန်းတောင်ကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပေးပြီး လူငယ်များအတွက် အသိပညာဗဟုသုရရှိစေမည့် စကားများကို အကျယ်တဝင့် ပြောကြားပေးခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီး အရာရှိ ဒေါ်ဌေးဌေးလှိုင်၊ လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်အိအိမျိုးတို့နှင့် အတူ Grade -9 မှ ကျောင်းသား၊ ကျောင်းသူ (၄)ဦးက “လူငယ်နှင့်စာပေ”၊ “လူငယ်နှင့်မူးယစ်ဆေးဝါး”၊ “လူငယ်နှင့်ရည်မှန်းချက်”၊ “လူငယ်နှင့် အားကစား” ခေါင်းစဉ်များနှင့် အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိက “မူးယစ်ဆေးဝါးအန္တရာယ်”၊ “လူငယ်နှင့်စာဖတ်ခြင်းအကျိုး” ခေါင်းစဉ်၊ လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်အိအိမျိုးက “လူငယ်နှင့်အားကစား” ခေါင်းစဥ်များဖြင့် အကျယ်တဝင့် အသီးသီးဟောပြောခဲ့ရာ အလက(ခွဲ) ကျောင်းအုပ် ဆရာကြီး ဦးစောသိန်းက လာရောက် ဆောင်ရွက်ပေးသည့် ပြန်/ဆက်ဌာနနှင့် လူငယ်ရေးရာကော်မတီတို့ကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် လူငယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များဖြစ်သော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင် များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှငွပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ လူငယ် ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိသည်။
ချစ်သက်လယ်(အိမ်မဲ)